Saturday, April 21, 2012

မက်ဆီရဲ့ ပယ်နတီတွေနဲ့  ၅ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်ရောက် ဘာစီလိုနာ

Print Friendly ယခုအပတ်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက်ကျင်းပရာ ဘာစီလိုနာ – အေစီမီလန်၊ ဘိုင်ယန်မြူးနစ် – မာဆေးပွဲစဉ်တို့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ သွင်းဂိုးတွေနဲ့  အေစီမီလန်ကို အနိုင်ရပြီး ဆီမီးဖိုင်နယ် ကို ၅ နှစ်ဆက်တိုက် စံချိန်ဖြင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ အေစီမီလန် အနောက်တန်းအား မက်ဆီ ကျော်ဖြတ်နေ (ဓာတ်ပုံ - esportsinfo.com) အသက် ၂၄ နှစ်ရှိ မက်ဆီဟာ လတ်တလောအချိန်မှာ ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး သူတွေထဲမှာ တတိယ နေရာမှာရှိနေပြီး ယခုပွဲမှာလည်း အဓိက ကစားသမားအဖြစ် ကစားသွားခဲ့ပြီး နောက်တကျော့မှာ ချယ်ဆီး (သို့) ဘန်ဖီကာ အသင်းထဲမှ နိုင်တဲ့အသင်းနဲ့ တွေ့ဆုံတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ (ဂိုး) ဗယ်ဒက်စ်၊ အယ်ဗက်စ်၊ ပီကေး၊ မာရှေရာနို၊ ပူယိုလ်၊ ဇာဗီ၊ ဘက်စကွက်၊ အင်နီယေစတာ၊ မက်ဆီ၊ ဖာဘရီဂက်စ်၊ ကူအန်ကာတို့ ပွဲထွက်လာပြီး ပထမ အကျော့က လူစာရင်းကို အပြောင်းအလဲ လုပ်ထားခဲ့ပါတယ်။ အရန်မှာတော့ ဆန်းချက်စ်၊ သီယာဂို၊ ကီတာ၊ ပက်ဒရို၊ အက်ဒီယာနို၊ တယ်လိုတို့ ပါဝင်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပထမ အကျော့တုန်းက ကီတာ အစား ဖာဘရီဂက်စ်ကို ထည့်ပြီး ဆန်းချက်စ် အစား လူငယ်ကစားသမား ကျူအန်ကာက တို့ကို ထည့်ကစားခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန် အသင်းမှာတော့ (ဂိုး) အက်ဘီယာတီ၊ အက်ပါတေး၊ နက်စတာ၊ မီဆက်စ်၊ အန်တိုနီနီ၊ နိုစင်ရီနို၊ အမ်ဘရော့စီနီ၊ ဆီးဒေါ့ဗ်၊ ဘုတ်တန်၊ ရောဘင်ဟို၊ အီဗရာဟီမိုဗစ် တို့နဲ့ပွဲထွက်လာပြီး ပါတို၊ အကွီလာနီ၊ မက်ဆီလိုပက်စ်၊ ဘိုနီရာတို့က အရန်မှာသာ ပါဝင်လာပါတယ်။ ပထမအကျော့ ဆန်စီရိုမှာတုန်းက နှစ်ဖက်အသင်း ဂိုးမရှိ သရေကျခဲ့တာကြောင့် ယခုပွဲမှာ ဘာစီလိုနာဟာလည်း အိမ်ကွင်း အားသာချက်ယူပြီး အားတင်ကစားခဲ့ပါတယ်။ ပွဲစတယ်ဆိုရင်ပဲ အထနှေးတဲ့ အေစီမီလန်အသင်းကို မက်ဆီက တကိုယ်တော် ထိုးဖောက်မှုတွေပြုလုပ်ခဲ့ပြီး အပိုင်အခွင့်အရေး တော်တော်များများရရှိခဲ့ပါတယ်။ ပွဲချိန် ၁၁ မိနစ် မှာတော့ ဘာစီလိုနာအသင်း တိုက်စစ်ဆင်လာပြီး ပယ်နတီ ဧရိယာအတွင်း ရှုပ်ထွေးနေတုန်း အေစီမီလန် နောက်ခံလူ အန်တိုနီနီ ဘောလုံးဖျက်တာမှာ မက်ဆီနဲ့ ထိခိုက်မိပြီး ပယ်နတီရတာကို မက်ဆီကပဲ အပိုင်သွင်းယူသွားပါတယ်။ ဂိုးစတင် ရသွားတာကြောင့် ဘာကာအသင်းဟာ ပိုမိုတင်ကစားလာပြီး အေစီမီလန် အသင်းဟာ ကစားကွက် မတည်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ၃၂ မိနစ်တော့ မထင်မှတ်ဘဲ အီဗရာဟီမိုဗစ် ဖန်ပေးလိုက်တာကို နိုစင်ရီနိုက လွတ်လွတ်ကျွတ်ကျွတ် သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဂိုးရပြီးချိန်မှ စပြီး အေစီမီလန်ဟာ ပြန်လည် အားတက်လာကာ ကွင်းလယ်မှာ ဘောလုံးပြန်ကိုင်လာနိုင်ပြီး အီဗရာဟီမိုဗစ်ရဲ့ တကိုယ်တော် တိုက်စစ်ဆင်မှုတွေ ဘာကာနောက်တန်းကို ခြောက်လှန့်နိုင်လာပါတယ်။ ပွဲချိန် ၄၁ မိနစ်တော့ ဘာကာအသင်း ထောင့်ကန်ဘော ထောင်ရာမှာ ဘက်စကွက်ကို နက်စတာ လှမ်းတွန်းတယ်ဆိုပြီး အ၀ါကတ်ပြ သတိပေးကာ ဘာစီလိုနာအသင်းကို ဒုတိယအကြိမ် ပယ်နတီ ရရှိပြန်ပါတယ်။ ဒုတိယ ပယ်နတီကိုလည်း မက်ဆီကပင် အသာအယာ သွင်းယူသွားပြီး အေစီကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာတော့ နောက်တဂိုးရရင် သရေရပြီး ဆီးမီးတက်မယ့် အေစီအသင်းဟာ ချေပဂိုးရရေး ပိုမိုအားထုတ်လာပြီး ဘာကာအသင်းလည်း အင်နီယေစတာ၊ မက်ဆီ၊ ဖာဘရီဂက်စ်တို့ရဲ့ တွဲလုံးတွေနဲ့ ပွဲကိုထိန်းကစားလာပါတယ်။ ၅၃ မိနစ်မှာတော့ မက်ဆီရဲ့ ဂိုးဧရိယာ အပြင်ဘက်က ကန်သွင်းချက်ဟာ အေစီ နောက်ခံလူ မက်ဆက်စ်နဲ့ ထိပြီး ချော်ထွက်သွားကာ အင်နီယေစတာ ခြေထဲရောက်ရှိပြီး ဒီပွဲရဲ့ အဆုံးအဖြတ် ဂိုးကို သွင်းယူပေးသွားပါတယ်။ နောက်ပိုင်းမှာ ကစားအားကျလာတဲ့ အေစီမီလန်အသင်းဟာ ဆီးဒေါ့ဗ်အစား အကွီလာနီ၊ ဘုတ်တန် အစား ပါတိုကို ထည့်ကစားသလို ဘာကာအသင်းကလည်း ဒီပွဲမှာ ခြေစွမ်းမပြနိုင်တဲ့ ဇာဗီကိုထုတ်ကာ သီယာဂိုကိုထည့်ပြီး တိုက်စစ်ထပ်မြှင့်ခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်မှာတော့ ဘာစီလိုနာအသင်းဟာ ကွင်းလယ်မှာသာ ဘောလုံးကိုင်ကစားသွားခဲ့ပြီး အနိုင်ကို ထိန်းသွားနိုင်ခဲ့တာကြောင့် ဆီးမီးဖိုင်နယ်မှာ ချယ်ဆီးသို့ ဘန်ဖီကာ အသင်းတွေနဲ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဘိုင်ယန်မြူးနစ် အသင်းက မာဆေးလ်အသင်းကို ၂ ဂိုး ပြတ်ဖြင့်အနိုင်ရပြီး နောက်တကျော့ကို တက်ရောက်သွားသလို မော်ရင်ဟိုရဲ့ ရီးရဲယ်မက်ဒရစ်အသင်းဟာလည်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းနေတာပါ။ ဒါကြောင့် ရှေ့လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ ပိုမို အကြိတ်အနယ် ရှိလာမှာဖြစ်ပြီး ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ် အသင်းတွေက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်ရလဒ်များ ဘာစီလိုနာ ၃ – ၁ အေစီမီလန် (နှစ်ကျော့ပေါင်းရလဒ် ဘာစီလိုနာ ၃ – ၁) ဘိုင်ယန်မြူးနစ် ၂ – ၀ မာဆေးလ် (နှစ်ကျော့ပေါင်းရလဒ် ဘိုင်ယန် ၄ – ၀ မာဆေးလ်) ယခုညယှဉ်ပြိုင်မည့် ပွဲစဉ်များ ရီးရဲယ်မက်ဒရစ် – အေပိုအယ် နီကိုရှား ချယ်ဆီး – ဘန်ဖီကာ ဆီးမီးဖိုင်နယ်ပွဲစဉ်များ (က) ဘာစီလိုနာ – (ချဲယ်ဆီး သို့မဟုတ် ဘန်ဖီကာ) (ခ) ဘိုင်ယန်မြူးနစ် – (ရီးရဲ သို့မဟုတ် အေပိုအယ်နီကိုရှား) ဖိုင်နယ်ပွဲစဉ် (က) အနိုင် – (ခ) အနိုင်

No comments:

Post a Comment